ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကြံခင်း၊ စက်တင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းသည် ကြံခင်းမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှကင်းဝေးစေရန် ကြိုတင်ကာကွယ်မှုအနေဖြင့် ဆိုင်ထိုင်စနစ်ရောင်းချခြင်း (Take Away)စနစ်ဖြင့်ရောင်းချရန် တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညွှန်ကြားထားခြင်းအပေါ် လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကြံခင်းမြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်းနှင့် လိုက်နာမှုမရှိသူ များအား ရောင်းချမှုပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)