ပန်းတောင်း နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး က ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန်၊ မှတ်သားအတုယူနိုင်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အတွေးအခေါ် ရင့်သန်လာ စေရန်၊ စာပေအကျိုးကျေးဇူးများကိုသိရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေတန်ဖိုးကိုသိရှိပြီး လေ့လာမှတ်သားတတ်စေရန်နှင့် စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီးပြိုင်ပွဲကို အ.လ.က ဝန်လိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)