ငဖဲ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း(Book Club)နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များ သိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 စနစ်သစ်ကျောင်းသား/သူ (၄၈)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်အတွက် ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club)ဥက္ကဋ္ဌ ဦးသန်းဦးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ စတင်ဖြစ်ပေါ်သည့်ကာလ၊ အမျိုးသားပညာရေး၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဉပဒေများနှင့် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းများကို အသိပညာပေးဆွေးနွေး ပြောကြားသည်။
ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စာပေဗိမာန် ဆုရစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)