ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံဧက(၃၈၅၁၆) လျာထားစိုက်ပျိုးမည်

ပေါက်ခေါင်း နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၂ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ (၃၈၅၁၆)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုက်ကိုင်ကြပြီး၊ နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့် ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်  မတ်ပဲ(၁၂၈၃၉)ဧက၊ ပဲတီစိမ်း(၁၀၉၆၆)‌ဧက၊ ကုလားပဲ(၆၇၃၅)ဧက၊ ပဲကြီး(၁၈၃၆)ဧကနှင့် ပဲနောက်(၆၁၄၀)ဧက စုစုပေါင်း ပဲမျိုးစုံ(၃၈၅၁၆)ဧကကို စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ပဲတီစိမ်းစိုက်တောင်သူများအ‌နေဖြင့်လည်း ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိပြီး ပဲတီစိမ်းတစ်တင်းလျှင် ကျပ်ငါးသောင်းနီးပါးအထိ‌ ဈေးရရှိကြောင်း တောင်သူများထံမှ သိရသည်။ ပဲမျိုးစုံမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်နိုင်ရေး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများ ဖြန့်ဝေအသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ ပဲတီစိမ်းကိုလျာထားချက်ထက်ကျော်လွန် စိုက်ပျိုးထားရှိပြီး (၁၀၉၆၈)ဧကထိ စိုက်ပျိုးထားရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)