ဘုတ်ပြင်းမြို့နယ်တွင်  မိုးသက်လေပြင်းကျကာ ထူးကဲဒီရေ မြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျ၊ ပျက်စီးမှုဖြစ်ပွား

ဘုတ်ပြင်း၊ စက်တင်ဘာ  ၁၉

တနင်္သာရီတိုင်း​ဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်မှုနှင့် ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်း ရိုက်ခတ်မှုကြောင့် ပင်လယ်ကျေးရွာအချို့တွင် နေအိမ်ပြိုကျခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ပင်လယ်ကျေးရွာများဖြစ်သည့် ချောင်းကဖီးကျေးရွာ တွင် နေအိမ် (၇) လုံး ပြိုကျ၊ (၁၅) လုံးပျက်စီးခြင်း၊ ကြိမ်နီတောင်ကျေးရွာတွင် နေအိမ် (၃) လုံးပျက်စီးခြင်း၊ ကလန်းချောင်းကျေးရွာတွင် နေအိမ် (၁) လုံးပျက်စီးခြင်း၊ ချောင်းကရှက်ကျေးရွာတွင် နေအိမ် (၃) လုံးပျက်စီးခြင်းနှင့် ရွာတွင်းလျှောက်လမ်းသစ်သားတံတား (၄)စင်းပျက်စီးခြင်း၊ အုန်းတောကမ်းကျေးရွာတွင် နေအိမ်  (၄) လုံး ပြိုကျပျက် စီးခြင်း၊ စတိန်ကျေးရွာ နေအိမ် (၃) လုံးပျက်စီးခြင်း၊ သံဇုံးကျေးရွာတွင် နေအိမ် (၁) လုံးနှင့်ရွာတွင်း လူလျှောက်သစ်သားတံတား  (၁) စင်းပျက်စီးခြင်း၊ မိကျောင်းချောင်းကျေး ရွာတွင် နေအိမ် (၁)လုံးနှင့် ရွာတွင်းလူလျှောက်သစ်သားတံတား (၁) စင်းပျက်စီးခြင်း၊ အညှင်းဆုံကျေးရွာတွင် နေအိမ်(၄)လုံးပျက်စီးခြင်း၊ ရေငံကြီးကျေးရွာတွင် တံတား (၁) စင်းပျက်စီးခြင်း၊ အလယ်မန်ကျေးရွာ ရေလုပ်သားများနေထိုင်သည့် နေအိမ်တန်းလျား (၅) လုံး ကြမ်းခင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် လူနှင့်တိရိစ္ဆာန်များသေဆုံးခြင်းမရှိကြောင်း နှင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များရှိမိသားစုဝင်များအား သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့် တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများ၏နေအိမ်သို့ ယာယီပြောင်းရွှေ့ပေးပြီး ပျက်စီးခဲ့သည့်နေအိမ်များအား တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ သိရှိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)