ကျိုက်လတ် အထက (၁)၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကျင်းပ

ကျိုက်လတ် နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့ နံနက် (၁၁)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၄/၂၀၂၂) ဆင်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ရှေးဦးပြုစုခြင်း အတတ်ပညာသည် လူတိုင်းတတ်ထားသင့်သည့် ပညာရပ်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ရုတ်တရက် ထိခိုက်ဒဏ်ရာရရှိမှုများ ကြုံတွေ့လာပါက မိမိပတ်ဝန်း ကျင်နှင့် မိသားစုကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ အချိန်နှင့် ဒီရေသည် လူကိုမစောင့် ဆိုသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများသည်လည်းအချိန်ကို တန်ဖိုးထားစေချင်ကြောင်း၊ ရည်မှန်းချက် ပန်းတိုင်ထားရှိပြီး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းနှင့် ယခုတတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်း အတတ်ပညာ များကို အမြဲလေ့ကျင့်ပြီး တိုးပွားလာအောင် ဆောင်ရွက်ကြစေ လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိန်ဝှီးနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဒေါ်ဌေးဌေးဝင်း တို့က အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အထက-၁ အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ (၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်