မော်လိုက်၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မ စျေးကြီးအတွင်းရှိ ပျံကျစျေးသည်များအား စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့တော် ခန်းမရှေ့တွင် ယာယီပျံကျစျေးအဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အဆိုပါ မြို့မစျေးကြီးအတွင်းရှိ ပျံကျစျေးသည်များအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြို့မစျေးကြီးအတွင်း လူစုလူဝေးများ မဖြစ်ပေါ်စေရန်နှင့် စျေးရောင်း စျေးဝယ်ပြည် သူများ အလွယ်တကူ ဝယ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မော်လိုက်မြို့မစျေးကြီးတွင် မှတ်ပုံတင်ဆိုင်ခန်း(၂၂၅)ခန်းအား မူလအတိုင်း ရောင်းချခွင့်ပြုထားပြီး ပျံကျစျေးသည်(၁၃၅)ဆိုင်အတွက် မြို့တော်ခန်းမရှေ့တွင် ယာယီပျံကျစျေးအဖြစ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိ အချိန်အကန့်အသတ်ဖြင့် နေရာများသတ်မှတ်ပေးကာ ခွင့်ပြုပေးထားကြောင်း သိရသည်။
ယင်းပျံကျစျေးသို့ ခရိုင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်နှင့်တာဝန်ရှိသူများက စျေးရောင်း၊ စျေးဝယ်ပြည်သူများအား မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အပူချိန်တိုင်းတာပေးနေမှု၊ လက်ဆေးဘေစင်များ ဆောင်ရွက် ထားရှိမှု၊ ပြည်သူများ နှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ များအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး