ကျောင်းကုန်းမြို့၌ရေဆင်းစပ်မျိုးနေကြာ (၁)စတင်စိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု

ကျောင်းကုန်း နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာ ကွင်းအမှတ် (၃၆၂)၊ ဦးပိုင်အမှတ် ၇၂/၁ တောင်သူ ဦးထွန်းထွန်းဦး၏ လယ်မြေ(၃)ဧက၌ ဆီထွက်သီးနှံ ရေဆင်းစပ်မျိုးနေကြာ(၁) သီးသန့်စိုက်ပျိုးမှုကို ယနေ့နံနက် ၁ဝ နာရီအချိန်စတင်စိုက်ပျိုးခဲ့သည်။

အဆိုပါ ဆီထွက်သီးနှံ ရေဆင်းစပ်မျိုးနေကြာ(၁) စိုက်ပျိုးနေရာသို့ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေး၊ ဂွတ်ဘရားသားတာဝန်ခံမန်နေဂျာ ဦးစိုးမြင့်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ နေကြာစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကျောင်းကုန်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် နေကြာသီးနှံ သီးသန့်စိုက်ဧက (၆၁၃၉)ဧက၊ သီးညှပ် (၂၀၄၆)ဧက စုစုပေါင်း (၈၁၈၅)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ထားရှိပြီးဖြစ်ရာ လျာထားဧကပြည့်မီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)