ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင် က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း အဖွဲ့၀င် ဦးအောင်ဇင်မျိုး က ကျောင်းသား/သူများသို့ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်အကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ နိုင်ငံချစ်စိတ်လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်လိုစိတ်ရှိစေရန် စသည့်အကြောင်းအရာများကို ရှင်းလင်း ပြောကြားပေးပြီး ကလေးများအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းမွန်သောယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်သို့လာရောက်ပြီး စာပေဗဟုသုတများ လေ့လာမှတ်သားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကို ကျင်းပရာ ကျောင်းသားကျောင်းသူများမှ ကြည့်ရှုလေ့လာ ဖတ်ရှုမှတ်သားကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)