ကော့သောင်း စက်တင်ဘာ ၁၉
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှ လာရောက်သည့် MV.AKAGISAN သင်္ဘောပေါ်မှ သင်္ဘောသား(၁၇)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် M.T CHEMOCEAN ORION သင်္ဘောပေါ်မှ သင်္ဘောသား(၁၄)ဦး၊ အိန္ဒိယနိုင်ငံမှ လာရောက် သည့် MV EARTH OCEAN သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် MV SEA HERO သင်္ဘောပေါ်မှ သင်္ဘောသား (၁၀)ဦး၊ စုစုပေါင်း သင်္ဘောလေးစီးပေါ်မှ သင်္ဘောသား (၄၄)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှ တစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၄၄)ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.AKAGISAN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် အင်ဂျင်နီယာဦးစောနယ်လာပါ သင်္ဘောသား (၁၅)ဦး ၊ M.T CHEMOCEAN ORION သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသီဟသူပါ သင်္ဘောသား (၁၄) ဦး၊ MV EARTH OCEAN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးစိုးဝင်းအောင် ပါ သင်္ဘောသား (၃)ဦး၊ MV SEA HERO သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်သူစိုးပါ သင်္ဘောသား (၁၀)ဦး တို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၄၄)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့နှင့်မြိတ်မြို့များတွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)