ဘားအံ နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဒေသအတွင်း ဆန်နှင့်ဆီ စားသုံးမှုဖူလုံ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲရန် ရည်ရွယ်ချက်ဖြင့် “စမ်းပွင့်” ဆီစက်လုပ်ငန်းရှင်များ သမဝါယမအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းများသို့ ထောက်ပံ့ချေးငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ဆုယဉ်မြင့်က ဒေသဝမ်းစာဖူလုံရေး၊ စားသုံးဆီ ဖူလုံရေး ဒေသအတွင်း စီးပွားမြှင့်တင်နိုင်ရေးအတွက် ဘားအံမြို့နယ် အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆီစက်လုပ်ငန်းရှင်များ စုစည်း၍ သမဝါယမ အသင်းများဖွဲ့စည်း ပေးပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင် အသင်းသားများအနေဖြင့် ဒေသအတွင်း ဆန်နှင့်ဆီစားသုံးမှုဖူလုံ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေ (၈)ဘီလီယံအနက်မှ ယခုထောက်ပံ့ ချေးငွေများ ထုတ်ချေးပေးပေးအပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်အသင်းသားများ အနေဖြင့် ပေးဆပ်ရမည့်အချိန်တွင် တာဝန်ကျေပွန်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးထင်က ရန်ပုံငွေများအား သက်ဆိုင်ရာ သမဝါယမအသင်း အမှုဆောင်များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ အသင်းအမှုဆောင်များမှ ဆန်စက်လုပ်ငန်းရှင်အသင်းမှ အသင်းသား(၉)ဦးအတွက် ထောက်ပံ့ချေး ငွေကျပ်သိန်း(၁၁၀၀၀)နှင့် ဆီစက်လုပ်ငန်းရှင် (၈)ဦး အတွက် ထောက်ပံ့ချေးငွေကျပ်သိန်း (၇၃၀၀) ၊ စုစုပေါင်းငွေကျပ်သိန်း(၁၈၃၀၀)အား အသင်းသား တစ်ဦးချင်းစီသို့ လက်ဝယ်ရောက်ပေးအပ်ခဲ့ပြီး စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)