သနပ်ပင် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စာဖတ်သည့် အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှ ရရှိသောအကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိ ဒေါ်ညိုပြာမှ စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်သည် သုတ၊ ရသ မျိုးစုံခံစားရရှိစေသဖြင့် လူကြီး၊ လူငယ်များ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဒေါ်ခိုင်သဇင်၊ ဒေါ်မင်းမင်းစိုးတို့မှ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)