လက်ပံတန်းမြို၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

လက်ပံတန်း  နိုဝင်ဘာ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂုဏ်ပြုအကြိုကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက လူငယ်များ ဉာဏစွမ်းရည်မြင့်မားရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်သူများအသင်းဝင် ဒိုင်အဖွဲ့ဝင်ဆရာမဒေါ်ညိုညိုသင်းက ပြိုင်ဝင်အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  “အမျိုးသားနေ့ဒို့မမေ့”၊ “အမျိုးသားဇာတိမာန်ရှင်သန်ထက်မြက်ရေး”၊“မျိုးချစ်စိတ်ဓာတ် နှင့်ယနေ့လူငယ်” ခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(ကျွန်းကလေး)၊ အ.ထ.က(ကျေးနီ)၊ အ.ထ.က(မကျီးကွင်း)ကျောင်းများမှ အလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် အကောင်းဆုံးပါဝင်ယှဉ်သူများမှ ပထမဆုရရှိသည့် မသွန်းချိုဇင်(အ.ထ.က-မကျီးကွင်း)၊ ဒုတိယဆုရရှိသည့် မစုနန္ဒာလင်း(အထက-၂)၊ တတိယဆုရရှိသည့် မဆုရွှန်းဝေ(အထက-ကျေးနီ)တို့နှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)