ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအား မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ ဦးစီးမှူးနှင့် ဝန်ထမ်းများကယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန် မျိုးစိတ်သစ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာလျော့ချနိုင်ခြင်းတို့ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်နှုန်းပြည့်ထိုးနှံကြရန်နှင့် ကလေးများနှင့် အသက် ၃၀ နှစ်အောက်လူငယ်များ၌ ပိုမိုကူးစက်နိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိဘပြည်သူများအနနှင့် လူစုလူဝေးရှောင်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောခြင်း၊ ပြင်ပမှလာသည့် ဧည့်သည်များအား လက်မခံကြရန်နှင့်မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန် စသည့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေတိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း