(၄၇) ကြိမ်မြောက် မြစ်ကြီးနားမြို့နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနည်း စာတော်ပြန်ပွဲကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်လုံးဆိုင်ရာ (၄၇) ကြိမ်မြောက်ရွှေကျင်နိကာယဝိနည်း စာတော်ပြန်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက  မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင် မြို့ဥုးကျောင်းတိုက်အတွင်းရှိ သဂ္ဂနဒီဓမ္မာရုံတော်တွင်  ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ မဟာဂန္ဓာရုံ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဟိတေသိတ အမှူးပြု၍ ကြွရောက်တော်မူလာသည့် ဆရာတော် သံဃာတော်များနှင့် ရှင်သာမဏေများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ကြွရောက်တော်မူလာသည့် ဆရာတော်သံဃာတော်များက ဝိနည်းဆောင် ဧတဒဂ်ဘွဲ့တော်ရ အရှင်ဥပါလိမထေရ်မြတ်၏ ဥဒါန်းစကားတော်ကို သံပြိုင်ရွတ်ဆိုပူဇော်ကြပြီး ကြွရောက်တော်မူလာသည့် ရွှေကျင်နိကာယဝင် ဆရာတော်များ၊ စာထောက် စာမ ဆရာတော်များနှင့် ဝိနည်းပြန်ဆိုမည့် စာပြန်သံဃာတော်များက သာသနာတော်၏ အသက်သွေးကြောသဖွယ်ဖြစ်သည့် ဝိနည်းပိဋကတ်တော် ပါရာဇိက(၄)ပါးကို သံပြိုင်ရွတ်ပွားတော်မူခဲ့ပြီး ကြွရောက်တော်မူလာသည့် စာပြန်သံဃာတော်များက စာထောက်စာမ ဆရာတော်ကြီးများထံ ဝိနည်းအလိုက် အာဂုံရွတ်ဆိုစာပြန်ခဲ့ကြသည်။

ဆက်လက်၍ ကချင်ပြည်နယ် သံဃနာယက (ရွှေကျင်)ဥက္ကဌ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာ ရက္ခိတဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဇာနေယျမှ ဩဝါဒကထာ မြွတ်ကြားတော်မူကာ ဝိနည်းပြန်ဆိုသည့် ဆရာတော် သံဃာတော်များ၊ ရှင်သာမဏေများနှင့် သူတော်များအား ဆရာတော်ကြီးများက သင်္ကန်းအစရှိသည့် လှူဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ရုတ်သိမ်းခဲ့ပြီး (၄၇)ကြိမ်မြောက် မြစ်ကြီးနားမြို့နယ် လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနည်းစာတော်ပြန်ပွဲ ဝိနည်းလေးဆောင်ပြန် သံဃာ(၁)ပါး၊ ဝိနည်းနှစ်ဆောင်ပြန် သံဃာ(၆)ပါး၊ဝိနည်းတစ်ဆောင်ပြန် သံဃာ (၃၃)ပါး၊ ရှင်ကျင့်ဝတ်ပြန် ရှင်သာမဏေနှင့် သူတော်(၁၄၅)ပါး ကြွရောက်ပြန်ဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)