စလင်းမြို့နယ်တွင် G-5 စာမေးပွဲဆိုင်ရာဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ပို့ချ

စလင်း နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြင်တင်ရပ်ကွက်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က G-5 စာမေးပွဲဆိုင်ရာဆွေးနွေးပွဲသင်တန်းကို ပညာရတနာဗိမာန်အဆောင်တွင် သင်တန်းပို့ချခဲ့သည်။

အဆိုပါ G-5 စာမေးပွဲဆိုင်ရာသင်တန်းကို စာမေးပွဲဆိုင်ရာသင်ရိုးညွှန်းများနှင့်ပတ်သက်၍ ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားဆွေးနွေးပို့ချမည်ဖြစ်ရာ တစ်ရက်သာဖြစ်သော်လဲ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ဆရာ ဆရာမများအနေဖြင့် ပို့ချဆွေးနွေးချက်များအပေါ် အလေးထားဆွေးနွေးနိုင်ရေးတို့အား သင်တန်းဆရာများက ရှင်းလင်းပြောကြားခဲ့သည်။ ထိုသင်တန်းသို့ အလယ်တန်းအဆင့်ဆရာ ဆရာမသင်တန်းသား သင်တန်းသူ ၃၂၁ ဦး၊ နည်းပြ ၆ ဦး၊ ရုံးအဖွဲ့ ၁၈ ဦးတို့ဖြင့် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ၊ နေ့လည် ၁ နာရီမှ ၄ နာရီအထိ G-5 စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲအား ဘာသာရပ်များအလိုက် သင်တန်းဆရာ ၆ ဦးတို့မှ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)