ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ပေါက်ခေါင်း        နိုဝင်ဘာ       ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖွဲ့စည်း၍ ကျေးရွာများအရောက်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို  ယနေ့နံနက် ၉ နာရီက သပြေတောင်ကျေးရွာအုပ်စု ကြပ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အဆိုပါကျေးရွာပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအဖွဲ့များသည် တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့်ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ အပင်ကိုင်းကူးကိုင်းဆက်စိုက်ပျိုးနည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသကြက်များရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းနှင့်နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆပ်ပြာဆီချက်လုပ်အသုံးပြုနည်းတို့ကို တက်ရောက်လာသည့် ဒေသခံပြည်သူများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)