စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စည်းကျစ်တောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

စေတုတ္တရာ၊ စက်တင်ဘာ    ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အနေဖြင့် မြို့နယ်စည်ပင်သာယာဈေးတောင်ဘက်ရှိ စည်းကျစ်တောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့နံနက်(၇)နာရီအချိန်က  ပေါင်းမြက်များနှင့် အမှိုက် သရိုက်များအား စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူစိန် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်(၂၅)ဦးနှင့် မိသားစုဝင်အမျိုးသမီး(၁၀)ဦးတို့သည့် စည်းကျစ်တောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ အမှိုက်သရိုက်များနှင့်ပေါင်းမြက်များအား ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ် ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းများလှဲခြင်းနှင့် ပေါင်းသတ်ဆေးဖြန်းခြင်းများကို စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ အသက်အိုးအိမ်လုံခြုံစေရေးအတွက် လုံခြုံရေးများကာကွယ်ဆောင်ရွက်ခြင်း၊ မှုခင်းများလျော့နည်းစေရန် ပြည်သူများအား  အသိပညာပေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)