ဝေါ နိုဝင်ဘာ ၁၁
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ပညာရေးမှူးရုံးနှင့် သမဝါယမဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့် စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါရုံးဝန်ထမ်းများက စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။
ဝေါမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ဦးစီးဌာနရုံးများသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)