တမူး နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉း၃၀) နာရီအချိန်က မြို့မအုပ်စု တောင်သူ ဦးတင်ဆိုင်၏ ကွင်းအမှတ်(၂၅၅A) ဦးပိုင်အမှတ်(၄၇)တွင် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းမှု ကွင်းသရုပ်ပြသရာတွင် တမူးခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ဦးလှမြင့်၊ တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်ပိုးမွှားတာဝန်ခံနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း(၅၀) ဦး တက်ရောက်ခဲ့ကြပြီး (၀.၁၀) ဧက စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် အစို ပျမ်းမျှ (၁၀၇.၅၀)တင်း ထွက်ရှိခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ စိုက်ပျိုးနည်းစနစ်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။
တမူးမြို့နယ်တွင် မိုးစပါးဧက (၄၈၆၉၇) ဧကစိုက်ပျိုးထားရှိသည့်အနက် မိုးစပါး မျိုးစေ့ထုတ် (၁၈၅)ဧကစိုက်ပျိုး ထားကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ထံမှ သိရှိရသည်။
ရတနာ