ရေဦး နို၀င်ဘာ ၁၁
ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ်လူငယ်များ အနေဖြင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံနှင့် အမျိုးသားနေ့နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၇)ရက် (၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရေဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် “မျိုးသားအောင်ပွဲနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းထိုက်(ရေဦး)