ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား အပိုဆောင်း ကာကွယ်ဆေး(Booster)များ ထိုးနှံပေး

ဒေးဒရဲ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၉၆၉၂၀)ဦးရှိသည့်အနက် အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၁၆၆၆၃၄)ဦး၊ ပထမအကြိမ် (Booster) အပိုဆောင်းထိုးနှံပြီးစီးမှုအဖြစ် ပြည်သူ (၃၀၈၈၂)ဦး၊ ဒုတိယအကြိမ် (Booster) အပိုဆောင်း ထိုးနှံမှုအဖြစ် (၃၀၉)ဦး ထိုးနှံပြီးစီးကြောင်း သိရပြီး အပိုထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း