မင်းဘူး စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် ပဲကြီးများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပေါက်ကုန်း ကျေးရွာမှ တောင်သူ ဦးအောင်နိုင်ထွန်းက ပြောသည်။
ပဲကြီးသီးနှံများသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ရက်အနည်းငယ်ပိုပြီး သီးချိန်ဆွတ်ချိန် ကြာသော်လည်း ဆောင်းကုန်သည်အထိ တောက်လျှောက်သီးသော သီးနှံပင်မျိုး ဖြစ်သည်။ အခြားသီးနှံပင်များမှာ စိုက်ပျိုးချိန် နောက်ကျလျှင် မဖြစ်ထွန်းတော့ပေ။ ပဲကြီးပင်များမှာ ဤသို့မဟုတ်ဘဲ မိုးကုန်၍ ဆောင်းကူးသော်လည်း နှင်းဖွဲဖွဲလေးများ၏ အအေးဓာတ်ဖြင့် တောက်လျှောက်သီးသော အပင်မျိုးဖြစ်သည်။ ပဲကြီးပင်များသည် မြေဝါ(သို့)သဲမြေထက် နုန်းတင်မြေနုတွင် ပို၍အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။
ပဲကြီးသီးများ ရင့်မှည့်၍ ခြောက်နေမှ ဆွတ်ခူးလျှင် လေးလခွဲလောက် အချိန်ကြာပြီး အသီးအစိုများကို ခူးဆွတ်လိုလျှင် သုံးလခွဲလောက်ဆို ခူးဆွတ်လို့ရသည်။ ပဲကြီးစေ့အခြောက် တစ်တင်းလျှင် ၃၈,၀၀၀ ကျပ်၊ ရောင်ရပြီး၊ ပဲကြီးစေ့ အစိုတစ်ပြည်လျှင် ၂၅၀၀ ကျပ်ရောင်းရသောကြောင့် ဈေးနှုန်းခြင်း မကွာသည့်အပြင် အချိန်စောင့်ရသောကြောင့် ငွေပေါ်လိုသူများက အသီးအစိုများကိုသာ ခူးဆွတ်၍ ရောင်းချကြသည်။ ငွေရေးကြေးရေး အဆင်ပြေသူများနှင့် ပဲကြီးဈေးတက်ရန် မျှော်နေသူများသာ အသီးများရင့်မှည့်ပြီး ခြောက်နေမှ ခူးဆွတ်ကြသည်။ ပဲကြီးစေ့များကို မင်းဘူးဈေး မင်းဘူးပွဲရုံများနှင့် မကွေးပွဲရုံများသို့ ရောင်းချကြကြောင်း ပေါက်ကုန်းကျေးရွာ ပဲကြီးစိုက်တောင်သူ ဦးအောင်နိုင်ထွန်ထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)