ပွင့်ဖြူ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံတောင်သူများသည် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ကြက်ဟင်းခါးသီးနှံကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဈေးဖြင့် ရောင်းချနေရ၍ မိသားစုနေ့စဉ် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင် ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
“ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရာ၌ ကြက်ဟင်းခါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုဝင်ငွေ ကောင်းလို့ အဆင်ပြေပါတယ်။ ကြက်ဟင်းခါး သီးနှံက ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီးတော့ ရေစီးရေလာကောင်းပြီး မြေဩဇာအသင့်အတင့်ရှိသောနေရာတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမှုရှိပါတယ်။ စိုက်ပျိုးဖြစ်ထွန်းတဲ့ မြေအမျိုးအစားကတော့ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ နုန်းမြေများတွင်ပို၍ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းပါတယ်။ ကြက်ဟင်းခါးသီးနှံကို စိုက်ပျိုးမယ်ဆိုရင် စိုက်ပျိုးမည့်မြေကို ထယ်ရေး ညက်အောင် ထွန်ယက်ရပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း တစ်တန်းနှင့် တစ်တန်း အနည်းဆုံး ၅ ပေအကွာနဲ့ တစ်ပင်နှင့် တစ်ပင် ၃ ပေခြားထားရှိပြီး စိုက်ပျိုးရတယ်။ စိုက်ပျိုးပြီးချိန်တွင် စင်ထိုးခြင်း၊ အပင်ကြီးထွားဖွံ့ဖြိုးအောင်မြင်စေရန် မြေစွခြင်း၊ ပေါင်းထိုးခြင်းနှင့် မြေဩဇာကျွေးခြင်းများကို ပြုလုပ်ပေးရပါတယ်။ စိုက်ပျိုးပြီး ရက်ပေါင်း ၇၅ ရက်ရှိရင် ကြက်ဟင်းခါးပင်ဟာ အသီးအပွင့်တွေ ဝေဆာ လာပြီး ရောင်းတန်းဝင် ကြက်ဟင်းသီးများကို လှိုင်လှိုင်ဆွတ်ခူး ရောင်းချရပါတယ်။ တစ်ချို့ကတော့ မိမိတို့ရဲ့ နေအိမ်ဝိုင်းတွေက မြေကွက်လပ်မှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြတယ်။ လက်ရှိမှာ ကြက်ဟင်းခါးသီးနှံက တစ်ပိဿာကို ငွေကျပ် ၂၀၀၀ ဈေးနဲ့ ဖောက်သည်ရောင်းချရလို့ မိသားစုစားဝတ် နေရေးအတွက် တစ်ဖက်တစ်လမ်းက မိသားစုအပိုဝင်ငွေရပြီး အဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ကြက်ဟင်းခါးသီးနှံစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် မြို့ပေါ်ရပ်ကွက် အချို့နှင့် အညာကျေးလက်ဒေသများတွင် ဒေသခံပြည်သူများက နေ့စဉ် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်နှင့် စားပင်သီးနှံမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် အချို့တောင်သူများမှာ သီးထပ်သီးညှပ်အဖြစ် နှစ်သီးစား၊ သုံးသီးစားစနစ် စိုက်ပျိုးကြပြီး စိုက်ပျိုးမြေနှင့် ရာသီဥတု မျှတကောင်းမွန်သည့်အတွက် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး စီးပွားရေ းတွက်ခြေကိုက်လျက်ရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )