အိမ်မဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပြီး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ

အိမ်မဲ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး​ ဟောပြောပြီး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြသခြင်းကို အ.ထ.က (၁)ကျောင်း ရွှေညီလာခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီတွင် ဆောင်ရွက်သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စိုးက အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေထွန်းတို့က ကလေးအလုပ် သမား ပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကိုဗစ်-၁၉ ကာလ ကလေး အလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးသူငယ်များ၏ အခွင့်အရေး (၄)ချက်တို့ကို အသီးသီး ဟောပြောခဲ့သည်။

“ကလေးအလုပ်သမား ပပျောက်ရေးဟာ လူငယ်များနဲ့ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍ ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပုံရိပ်တွေကို ဖန်တီးမှုပေးတဲ့အတွက် အလွန်အရေးကြီးကြောင်း၊ လူငယ်တွေနဲ့ ကလေးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရင်းအမြစ်တွေဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့အနာဂတ် မှာ တန်ဖိုးရှိတဲ့လူငယ်တွေ မဆုံးရှုံးစေဖို့၊ ကလေးအလုပ်သမား ပြဿနာကို သတိကြီးစွာထားရှိဖို့ အစိုးရနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာလည်း တာဝန်ရှိပြီး အားလုံးပူးပေါင်းကြမယ်ဆိုရင် ကလေး အလုပ်သမား ပပျောက်ပြီး အဆိုပါ လုပ်ငန်းစဉ်သည် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း” ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြောသည်။

ယင်းနောက် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ် စာစောင်ပြသရာတွင် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ် သမားပပျောက်ရေး ရည်မှန်းချက်တာဝန်(၃)ရပ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားရှိပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေး စာအုပ်စာစောင်များ၊ အသိပညာ ဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များ၊ ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/မများ က စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ)