သံပုယိုသီး တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ကလိန်အောင် နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝးယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွာရေး တစ်ခုအဖြစ် အဓိကထားပြီး လုပ်ကိုင်ကြရာ ယခုအခါတွင် သံပုယိုသီးအပင်များကို တစ်ပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်  မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း ကလိန်အောင်မြို့ ကော့လှိုင်ကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

သံပုယိုသီးအပင်ကို ဥယျာဉ်ခြံများတွင် အခြားအပိုဝင်ငွေအဖြစ် ရရှိစေရန်အတွက် ကိုင်းဆက်အပင်များကို ဝယ်ယူကာ ကြာညှပ်၍ စိုက်ပျိုးကြပြီး (၃)နှစ်အကြာမှာ အသီးစတင်သီးကာ တစ်နှစ်ပတ်လုံး ဆွတ်ခူးရရှိကြောင်း သိရသည်။

လက်ရှိ သံပုယိုသီး‌ပေါက်ဈေးမှာ အသီးအရွယ်အစားအလိုက် အလုံးကြီးတစ်လုံးကို ငွေ ၁၀၀ ကျပ်၊ အသီးလုံးငယ် ငွေ ၅၀ ကျပ်ဖြင့် မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြန်လည်ရောင်းချသူများက လာရောက်ဝယ်ကြကြောင်း သိရသည်။

" ကျနော်တို့ ဥယျာဉ်ခြံထဲမှာတော့ ကွမ်းသီးအပင်နဲ့ ကြာညှပ်ပြီး စိုက်ပျိုးထားပါတယ်၊ (၃)နှစ် အကြာမှာ အသီးစတင်ပြီး ခူးရောင်းရပြီး၊ လာပြီး ဝယ်ကြတာတော့ ကျန်းမာရေးအတွက် ဆေးဖော်စပ်မည့်သူနဲ့ အချဉ်ပေါင်လုပ်ပြီး ပြန်လည်ရောင်းချမည့် ဈေးသည်များက လာရောက် ဝယ်ယူကြပါတယ် မိသားစုအတွက် တစ်ဖက်တလမ်းမှ အပိုဝင်ငွေရတယ် " ဟု ကော့လှိုင် ကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

ကလိန်အောင်မြို့တွင်  ကွမ်းသီးခြံ၊ ရော်ဘာ၊ သီဟိုဠ်၊ သံပုရာအပင် စသည့်နှစ်ရှည်အပင်များနှင့် ရာသီပေါ်အလိုက်ထွက်ရှိသည့် တခြားသီးနှံအပင်များကို စီးပွားရေးတစ်ခုအဖြစ် အဓိကထားပြီး စိုက်ပျိုးလုပ်ကိုင်ကြသော ဒေသမြို့လေး‌ တစ်မြို့ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)