(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

သာယာဝတီ နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့ များဖြစ်သော လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့၊ အာဇာနည်နေ့၊ အမျိုးသားအောင်ပွဲနေ့များတွင် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို အခြခံပညာကျောင်းများနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များကို အမြဲအမှတ်တရရှိနေစေရန်နှင့် အထိမ်းအမှတ်နေ့များ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို လေ့လာဖတ်ရှုတတ်စေရန် ရည်ရွယ်ပြီး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးမိုးသဲအောင်(ပန်းမြေ)က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ဟောပြောရာတွင် အမျိုးသားအောင်ပွဲနေ့သည် ယခုနှစ်တွင် (၁၀၂) နှစ်ပြည့်မြောက် ခြင်းဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ စတင်ဖြစ်ပေါ်လာသည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမြဲအမှတ်တရရှိနေပြီး အမျိုးသားရေးစိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ အစဉ်ထိန်းသိမ်း စောင့်ရှောက်စေလို ကြောင်း ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)