ရေတာရှည် နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ၌ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် မျိုးစေ့ချ ကိရိယာ(drum seeder)ဖြင့် ဆောင်ရွက်ခဲ့သော တောင်သူဦးလင်း၏ ဗျော့ထွန်းစပါးမျိုး စံပြစိုက်ခင်း၌ ခရိုင်အဆင့်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၂၈ တင်းထွက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ရေတာရှည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က ၂၀၂၂ ခုနှစ်၊ ရေတာရှည်မြို့နယ်၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)မှ တောင်သူအားဂုဏ်ပြုဆု ဓါတ်မြေသြဇာပေးအပ်ခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ သီးထပ်စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် တောင်ငူခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက စပါးရိတ်ခြွေစက်ဖြင့် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုများနှင့် မိုးစပါးဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို ကြည့်ရှုလေ့လာအားပေးခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)