တောင်ငူ၌ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ များအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ပြုလုပ်

တောင်ငူ နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူပညာရေး ဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ယနေ့ နံနက်ပိုင်းက တိုင်းရင်းသား ဘာသာစကားသင် ဆရာ /ဆရာမ များအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်က ဆရာများသည် နိုင်ငံရေးကင်းရှင်း သည့် ပညာရေးဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စုကြီး၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်ပါစေ တိုင်းရင်းသားလူမျိုးများ အားလုံး တစ်ပြေးညီပညာသင်ယူမှု အခွင့်အလမ်းများရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအားလုံးအတွက် အရည်အသွေးမြှင့်တင်ပေးရေးသည် ပညာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်သည့်အလျောက် မျိုးဆက်သစ်တပည့် များ၏ ပညာရေးကိုသာမက လူ့အဖွဲ့အစည်းရှင်သန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး ဒေသလူမှုစီးပွားရေး၊ ပညာရေးအဆင့်အတန်း မြှင့်တင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နိုင်ရေးအတွက် လက်ရုံးရည်သာမက နှလုံးရည်များကိုပါ ပြုစုပျိုးထောင်ပေးနိုင်သူများ ဖြစ်လာအောင် ဆွေးနွေးပွဲမှာတက်ကြွစွာ ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍  တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့်က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ များသည် ဆရာ့အရည်အသွေး Teacher Competency မြင့်မားစေရန်အတွက် ပညာရေးဒီဂရီကောလိပ်မှ ဆရာအတတ်ပညာရှင်များက သင်ကြားပေးသော ဆရာအတတ်ပညာများနှင့် ဘာသာရပ်ဆိုင်ရာ တတ်ကျွမ်းမှုများကို လေ့လာသင်ယူပြီး ကိုယ်ပိုင်အတွေ့အကြုံများ နှင့်ပေါင်းစပ်ကာ ကျောင်းများတွင် ပြန်လည်အသုံးချနိုင်သည်အထိ ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့  ပဲခူးခရိုင်မှ (၁၉)ဦး၊ ညောင်လေးပင်ခရိုင်မှ (၆၆)ဦး၊ တောင်ငူခရိုင်မှ (၃၄)ဦး၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ (၄) ဦး စုစုပေါင်း ဆရာ၊ ဆရာမ (၁၂၃)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလအနေဖြင့် နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၂၃) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ရာ  ​ဆွေးနွေးပွဲတွင် မြန်မာဘာသာစကားသင်ပြနည်း၊ ပြည်ထောင်စုစိတ်ဓာတ်၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စသည့်ဘာသာရပ်များအလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)