ကလိန်အောင် နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ် အနာဂတ်တွင်ထွန်း တောက်ပလာမည့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ် စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင် ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမင်းအောင် (ကလိန်အောင်)