စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေထုတ်ပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၁၀

စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား ဒီဇယ်(ရွာထောင်)မှ အာမခံအလုပ်သမား ဦးရှိုင်းဘိုဘိုကျော်သည် ဌာန၏ တာဝန်ပေးချက်အရ လုံခြုံရေး မီးသီးလဲလှယ်ရန် အလုပ်တာဝန်ထမ်းဆောင်နေစဉ် ဓာတ်လိုက်၍ အလုပ်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူမိသားစုများအား ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ နှင့်အညီ အကျိုးခံစားခွင့်ငွေများထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်(၁၀)နာရီက မြန်မာ့မီးရထား ဒီဇယ်(ရွာထောင်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းမြို့နယ်လူမှုဖူလုံရေးရုံမှ ဦးစီးအရာရှိ‌ ဒေါ်သူဇာ၀င်းက အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသည့်အခါ အာမခံထားသူ မသေဆုံးမီက ပေးသွင်းခဲ့သော (၄)လအတွင်း ရရှိသည့် ပျမ်းမျှလုပ်ခအပေါ် မူတည်၍ အကျိုးခံစားခွင့်ရှိကြောင်း၊ ထည့်ဝင်ကြေးငွေကို လပေါင်း (၆၀)နှင့်အောက် ပေးသွင်းထားပါက ပျမ်းမျှလုပ်ခ၏ (၃၀)ဆ၊ လပေါင်း(၆၀)အထက်မှ(၁၂၀)အထိ ပေးသွင်းပါက ပျမ်းမျှလုပ်ခ၏ (၅၀)ဆ၊ လပေါင်း(၁၂၀)အထက်မှ (၂၄၀)အထိ ပေးသွင်းပါက ပျမ်းမျှလုပ်ခ၏ (၆၀)ဆ၊ လပေါင်း(၂၄၀)အထက် ပေးသွင်းပြီးပါက ပျမ်းမျှလုပ်ခ၏ (၈၀)ဆ အကျိုးခံစားခွင့်ရှိကြောင်း အာမခံထားသူက အမည်စာရင်း ပေးသွင်းထားသူ(သို့မဟုတ်) ထိုသူမရှိခဲ့လျှင် သေဆုံးသူ၏ ဇနီး/ ခင်ပွန်း ပြီးလျှင်သား/ သမီး၊ ထိုသူများမရှိမှသာ မိခင်/ ဖခင်တို့ခံစားခွင့်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးက မြန်မာ့မီးရထားဒီဇယ်(ရွာထောင်)မှ အလုပ်သမား ဦးရှိုင်းဘိုဘိုကျော်အတွက် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ နာရေးစရိတ် ကျပ် ရှစ်သိန်းတစ်သောင်းနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်‌ငွေကျပ် ရှစ်ဆယ်တစ်သိန်း စုစုပေါင်းငွေကျပ် (ရှစ်ဆယ့်ကိုးသိန်းတစ်‌သောင်းတိတိ/-)ကို ကျန်ရစ်သူမိသားစုထံ လက်ရောက်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာ့မီးရထားဒီဇယ်(ရွာထောင်)မှ တာ၀န်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျန်ရစ်သူ မိသားစုဝင်များ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့မီးရထားဒီဇယ်(ရွာထောင်)မှ ဒုတိယအထွေထွေ မန်နေဂျာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 ဇော်မြင့်နိုင် (စစ်ကိုင်းခရိုင် ပြန်/ဆက်)