သရက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပြရေအုပ်စု၊ ကမ်းနီကျေးရွာတွင် ချည်မျှင်ရှည်ဝါ ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းအရ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကွင်းအမှတ်(၉၃(ခ) ဦးပိုင်အမှတ်(၈) တောင်သူဦးထက်လင်းအောင်၏ ယာမြေ(၂)ဧက ချည်မျှင် ရှည်ဝါ မျိုး(၄)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့် စိုက်ပျိုးရေး ကြီးကြပ် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြေစာရင်း ဦးစီးမှူးနှင့် ဝန်းထမ်းများ၊ တောင်သူဦးကြီးများ တက်ရောက်ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက မျိုးကွဲတစ်ဦးချင်းစီ၏ အရည်အချင်းလက္ခဏာများနှင့် စံကွက်အတွက် ခန့်မှန်းတွက်ချက်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက အထွက်မျိုးကွဲအလိုက် မျိုးစေ့များ ထုတ်ယူ၍ တောင်သူများအား ဖြန့်ဖြူးနိုင်ရေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်နေအောင်က မျိုးကွဲအလိုက် မျိုးစေ့များ ကမ်းနီကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါမျိုးစေ့ ၏ (၂၅)ဧကကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပေးခဲ့သည်။ ဆက်လက်၍ စံကွက်ရိတ်သိမ်းကြရာ မျိုးကွဲတစ်ခုချင်းအလိုက် တစ်ဧက အထွက်နှုန်းများမှာ ရွှေတော်(၈)မျိုး (၆၈၉.၃၄) ပိဿာ၊ ငွေချည်(၉) (၅၆၁.၄၄)ပိဿာ၊ ရွှေတောင်(၁၀) (၇၂၉.၆၃)ပိဿာ နှင့် ငွေချည်(၁၁) (၆၃၉.၂၄)ပိဿာ ထွက်ရှိခဲ့သည်။ တောင်သူဦးကြီးများအနေဖြင့် ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁) မျိုးများ ကြိုက်နှစ်သက်ကြောင်း သိရသည်။
ဇော်ထက်(သရက်)