လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်၀င်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္တအကြိမ် ထောက်ပံ့ငွေများပေးအပ်

လိပ်သို၊ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင်  ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် စတုတ္တအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီအချိန်က  မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်ပြီး  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း  ပုံမှန်၀င်ငွေမရှိသည့်  အခြေခံလူတန်းစားအိမ်ထောင်စုများအတွက်  ပေးအပ်ရသည့်ရည်ရွယ်ချက်များကို  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား  အမှာစကား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လိပ်သိုမြို့ပေါ် ရပ်ကွက် (၆) ရပ်ကွက်နှင့်  ကျေးရွာအုပ်စု (၃၁) အုပ်စုရှိ  အခြေခံလူတန်းစား အိမ်ထောင်စုများအား  တစ်အိမ်ထောင်လျှင် ငွေကျပ်  (၂၀၀၀ဝ) နှုန်းဖြင့်  အိမ်ထောင်စု(၈၇၃၄)အတွက် စုစုပေါင်းငွေကျပ် (၁၇၄၆၈၀၀၀ဝ)  ထောက်ပံ့ ငွေများကို အဆိုပါရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်  အခြေခံလူတန်း စားအိမ်ထောင်စုများ၏အိမ်သို့ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်သွားမည်ဖြစ် ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)