ဘောလခဲမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅ )ကြောင်းနှင့် မြို့ပေါ်ရှမ်းပိုင်းစုစည်းရပ်ကွက်နေ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ဘောလခဲ နိုဝင်ဘာ ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် မြို့ပေါ်ရှမ်းပိုင်းစုစည်းရပ်ကွက်အတွင်းရှိပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဘောလခဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးကျော်မင်းယု၊ ဘောလခဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းဟန်၊ ဘောလခဲခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ထွန်းအောင်တို့တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ဘောလခဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနော်ခမ်းနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီးများတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတွေ့ဆုံရာတွင်အဖွဲ့(၁) နိုင်ငံရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင်  ဗိုလ်မှူးဇော်ဝင်းအောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်အား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့(၂) အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထွဋ်အောင်မှ နယ်မြေတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ကောလဟာလနှင့်အကြမ်းဖက်အဖွဲ့အစည်းများ၏ သတင်းအမှားများအကြောင်း ဆွေးနွေးခြင်း၊ အဖွဲ့(၃)လူမှုရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းမှ အခြေခံပညာရေးကျောင်းများပညာသင်ကြားရေးအတွက် လိုအပ်ချက်များဖော်ဆောင်ရေးနှင့် အဖွဲ့ဝင်ဆေးရုံတာဝန်ခံဒေါက်တာခင်ဝင်းချစ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးလိုအပ်ချက်များအကြောင်း ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးဦးဇော်ထက်မှ မီးဘေးနှင့်သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များပြောကြားခြင်း၊ အဖွဲ့ ( ၄ )စည်းရုံးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်လဝကလက်ထောက်ဦးစီးမှူးမှ ပန်ခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စုလူဦးရေးစာရင်းများပြုလုပ်ခြင်းဆိုင်ရာများဆွေးနွေးပြောကြားခြင်း၊ အဖွဲ့(၅)ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမာအီးမှ စိုက်ပျိုးရေးအတွက်လိုအပ်ချက်များ (မျိုး၊ မြေသြဇာ)စိုက်ပျိုးရေးအတွက် အကူအညီပေးမှုများအားရှင်းလင်းပြောကြားခြင်း၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကိုကိုဦးမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်မရရှိသေးသူများကို လယ်ယာမြေဥပဒေနှင့်အညီဆောင်ရွက်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍တက်ရောက်လာသောဒေသခံပြည်သူများမှ သိရှိလိုသည်များအားမေးမြန်းခဲ့ပြီး လိုအပ်ချက်များအားတင်ပြခဲ့ရာ တင်ပြချက်များအပေါ်သက်ဆိုင်ရာအဖွဲ့များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသော ဒေသခံပြည်သူများအား ဘောလခဲတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့ဗိုလ်မှူးဟန်စိုးတာဦးစီး၍ အရာရှိစစ်သည်များမှ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားကို ဒေသခံမြို့ပေါ်ရှမ်းပိုင်းစုစည်းရပ်ကွက်နေပြည်သူ(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)