ငဖဲမြို့နယ် ရုံးရှေ့မြေစိုက်ဘုတ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ

ငဖဲ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ လစဉ်ပုံမှန် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး နံရံကပ်စာစောင်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့ ပြဌာန်းသတ်မှတ်ခြင်း၊ အမျိုးသားပညာရေး၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေအချက်များ၊ အမျိုးသားနေ့ဒို့မမေ့နှင့် ဘုန်းရှင်မြန်မာတို့မြန်မာ(ကဗျာ)၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားနေ့သရုပ်ဖော်ပန်းချီ၊ ဓါတ်ပုံ၊ ရုပ်ပြများနှင့် မျောက်ကျောက်ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)