ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်ပေးနိုင်ရေး ဖြူးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဖြူး နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာများနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပေးသွားမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာများ၊ အခွင့်အရေးများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး၊ ကလေးသူငယ်များအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စေတနာရှင်များ၏ လှူဒါန်းမှုများကို ကလေးသူငယ်များ အကျိုးအတွက် ထိရောက်စွာ အသုံးပြုစေရေး၊ ကလေးသူငယ်များမှုခင်း မဖြစ်ပွားစေရေးစသည့် အချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)