ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး မြောင်းမြပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်

မြောင်းမြ  နိုဝင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ် ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားကို ဖူးပွင့်ဝေဆာ ကျောင်းတော်သာသီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး မြို့နယ်အလိုက် သင်တန်းသား သင်တန်းသူများက မိတ်ဆက်ကြပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားများ၏ စကား စာပေယဥ်ကျေးမှု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ၊ တိုင်းရင်းသားတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံဝန်ထမ်းများ၏ စည်းမျဥ်း စည်းကမ်း အရည်အချင်းများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားဘာသာစကားကို သင်ကြားပေးရုံသာမက ကျောင်းသားကျောင်းသူများ၏ ပညာရေးကိုပါ အားကြိုးမာန်တက် မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ကိုယ့်တိုင်းရင်းသားဘာသာစကားသာမက စိတ်ဓာတ် အတွေးအခေါ်များလည်း မြင့်ရမှာဖြစ်ကြောင်း၊ ဆရာဂုဏ်နှင့်အညီ ပြုမူနေထိုင်ကြရန်လိုပြီး မိမိအရည်အသွေးကို တိုးတက်အောင် ကြိုးစားနေဖို့လိုကြောင်း၊  တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ပြီး ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ရန် ကျရာနေရာကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် ဆွေးနွေးပွဲတွင် မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ ငပုတော၊ သာပေါင်း၊ ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာတို့မှ သင်တန်းသား (၂၉)ဦး၊ သင်တန်းသူ   (၃၇၁) ဦး၊ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၄၀၀)ဦး တက်ရောက်ပြီး အခြေခံဘာသာစကားသင် ပြနည်း၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖွံ့ဖြိုးရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စသည့် ဘာသာရပ်များကို  ( - ၁၁- ၂၀၂၂ ) မှ (၂၅-၁၁-၂၀၂၂)ထိ ဆွေးနွေးပို့ချ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးမန်းသိန်းကျော်၊ မြောင်းမြခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြောင်းမြမြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်း တွဲဖက်အတွင်းရေးမှူး ဦးမန်းသောင်းမြနှင့် အဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ သင်တန်းသူ သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)