ပဲခူး နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်းသီးနှံ၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က မိမိတို့တိုင်းဒေသကြီးသည် စပါးနှင့်ပဲမျိုးစုံကို အဓိကထားစိုက်ပျိုး ထုတ်လုပ်ကြပြီး ပဲမျိုးစုံသီးနှံ၊ ဆီးထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်း လျက်ရှိကြောင်း၊ စိုက်ပျိုးသည့်သီးနှံများ၏ အရည်အသွေးနှင့်အထွက်နှုန်း ကောင်းမွန်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်း၊ စိုက်ပျိုးရေး နည်းပညာပေးလုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ၊ သုတေသနနှင့်နည်းပညာ ဖွံဖြိုးရေးလုပ်ငန်းများစသည့် ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်း အဓိကစိုက်ပျိုးသော သီးနှံများအနက် ချည်မျှင်ရှည်ဝါ၊ မြေပဲနှင့်ပဲတီစိမ်းသီးနှံများသာ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ပြီး ကျန်သီးနှံများမှာ ပန်းတိုင်အထွက်နှုန်း မပြည့်မီသေးသည့်အတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံစိုက်စွမ်းအား ၁၆၅ ရာခိုင်နှုန်းရှိပြီး သီးနှံစိုက်စွမ်းအားကို ဒီထက်မက ပိုမိုတိုးတက်အောင် (၂)သီးစိုက်၊ (၃)သီးစိုက် ဧကများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်မှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်များ ဦးစီးမှူးများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်မှ လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး(၂၆၉၇၃၁၈)ဧက လျာထားချက် အပေါ် (၂၆၉၇၃၅၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁၂၀၇၈၉၁)ဧက ရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်း(၈၀.၁၅)တင်းနှုန်းဖြင့် (၉၆၈၁၆၅၆၇) တင်းထွက်ရှိခဲ့သည်။ ပဲမျိုးစုံအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်း (၂၁၅၂၅၃၁)ဧက လျာထားရာ (၁၀၂၀၀၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆီထွက်သီးနှံအနေဖြင့် (၄၆၀၉၅၄)ဧကလျာထားရာ မိုးဆီထွက်သီးနှံ (၂၂၀၇၆၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းဆီထွက်သီးနှံအနေဖြင့် (၂၅၄၉၁၅)ဧက စိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်း သီးနှံအနေဖြင့် ချည်မျှင်ရှည်ဝါ (၇၁၂၅)ဧက၊ ကြံသီးနှံ (၄၉၅၂၄)ဧက၊ ရော်ဘာသီးနှံ (၁၁၇၁၈၉)ဧက စိုက်ပျိုးထားနိုင် ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)