နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တစ်ပိုင်တစ်နိုင် ဝါးနှီး၊ ကြိမ်နှီးအသုံးပြု၍ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

နန်းယွန်း နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ရိုးရာအသုံးအဆောင်ဖြစ်သော တစ်ပိုင်တစ်နိုင် ဝါး၊ ကြိမ်နှီးအသုံးပြု၍ ဖျာ၊ ပလိုင်းအမျိုးမျိုး၊ တောင်းအမျိုးမျိုးနှင့် ဆန်ကောများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေများရရှိလျက်ရှိသည်။

နာဂဒေသတွင် ဝါးနှီး၊ ကြိမ်နှီးများဖြင့် ပြုလုပ်ထားသည့် ရိုးရာအသုံးအဆောင်ဖြစ်သော ဖျာအကြီး၊ အသေး၊ ပလိုင်းအကျဲ၊ အစိတ်၊ ဆန်ချင့်သည့်တောင်း၊ အကြီး၊ အသေး၊ ကြက်ချင်းနှင့် ရိုးရာဆန်ကောများ အစရှိသည်တို့ကို ဒေသခံများက အများဆုံး တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

၎င်းအသုံးအဆောင်များ ရက်လုပ်သူ ဒေသခံ ဦးဂန်ဆွမ်းက "ဖျာတစ်ချပ်ရရှိရန်အတွက် ရက်သတ္တပတ်ကျော် ရက်လုပ်ကြာမြင့်ကြောင်း၊ ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ ကြိမ်၊ နှီးများကို အသုံးပြုထားကြောင်း၊ ဝါးနှီး​ဖြင့်ရက်လုပ်သော ဖျာအလျား(၈)ပေ၊ အနံ(၁၂)ပေရှိတစ်ချပ်လျှင်ငွေ (၈၀၀၀၀)ကျပ်၊၎င်းနှင့်ဆိုဒ်တူကြိမ်နှီးဖြင့် ရက်လုပ်သော ဖျာတစ်ချပ်လျင်ငွေ(၁၂၀၀၀၀)ကျပ်ဖြစ်

ဝင်ငွေရရှိကြောင်း၊ ဖျာများကိုစပါးရိတ်သိမ်းချိန်စပါးလန်းခြင်း၊ ပဲအမျိုးမျိုးနှင့်ပြောင်းဖူးများ စသည့် တောင်ယာထွက်သီးနှံများကို ခြောက်လန်းရာတွင် မရှိမ​ဖြစ်အသုံးပြုပြီး ပလိုင်းများကို ဒေသခံများက ထင်းခွေ၊ ရေခပ်၊ တောင်ယာသွားသည့် အချိန်တွင်ထည့်စရာအဖြစ် ဘက်စုံအသုံးပြုကြကြောင်း၊ အချို့ကလည်း ပလိုင်းများကို လက်ဆောင်ပေးရန်အတွက်လည်း မှာယူကြကြောင်း၊ ပလိုင်းအကျဲ၊ အစိတ်၊ အ​ကြီး၊ အသေး၊ ပေါ်မူတည်၍ ဈေးနှုန်းအပြောင်းလဲ ရှိကြောင်း၊ ရိုးရာဆန်ကောများကို ရက်လုပ်ရာတွင် ဝါးနှီးကို အများဆုံးအသုံးပြုပြီး ရက်လုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါရိုးရာ အသုံးအ​​ဆောင်ပစ္စည်းများကို တောင်ယာနားသည့် အချိန်တွင် အများအားဖြင့် ရက်လုပ်ကြပြီး တစ်ဖက်တစ်လမ်းကနေ မိသားစုဝင်ငွေ ရရှိကြောင်း " ပြောသည်။

ဟန်ကမ်း(ပြန်/ဆက်)