(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာ ဒုံးအကပြိုင်ပွဲ ပဥ္စမနေ့ ဆက်လက်ကျင်းပ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးကြည့်ရှုအားပေး

ဘားအံ နိုဝင်ဘာ ၁၀

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာ ဒုံးအကပြိုင်ပွဲ ပဥ္စမနေ့ (နောက်ဆုံးနေ့) ကို ယမန်နေ့ မွန်းလွဲ ၅ နာရီခန့်မှစ၍ ဘားအံမြို့၊ သီရိကွင်းရှိ ဒုံးစင်မြင့်ထက်၌ ဆက်လက်ကျင်းပသည်။

ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဒုံးအဖွဲ့ပေါင်း ၂၀ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယမန်နေ့ညနေမှစ၍ တစ်ညလျှင် ဒုံးအဖွဲ့ ၁၀ ဖွဲ့စီ နှစ်ကျော့ ယှဉ်ပြိုင်စေခဲ့ပြီး ယမန်နေ့တွင် ဆန်ကာတင် ဒုံးအဖွဲ့ ၁၀ ဖွဲ့ကို ရွေးချယ်ကာ ဆက်လက်ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။

မြူးကြွသွက်လက်မြိုင်ဆိုင်စွာ တီးမှုတ်ကခုန် သီဆိုယှဉ်ပြိုင်ရသည့် ဒုံးအက ပြိုင်ပွဲတွင် အကောင်းဆုံးဆန်ကာတင် ၁၀ သင်းကို ရွေးချယ်ယှဉ်ပြိုင်စေခြင်းဖြစ်သည့်အတွက် ယှဉ်ပြိုင်မှုများမှာ ယခင်ညများထက် ပိုမိုမြူးကြွ သွက်လက်မြိုင်ဆိုင်ပြီး လာရောက်ကြည့်ရှု အားပေးကြသည့် ပရိတ်သတ်များဖြင့်လည်း စည်ကားလျက်ရှိသည်။

ဆန်ကာတင် စာရင်းတွင်ရွေးချယ်ခြင်းခံခဲ့ရသော အိန္ဒု၊ လှိုင်းဘွဲ၊ ဖားကပ်၊ ဒုံရင်း၊ ဘားအံ၊ ကော့ကရိတ်၊ မိဇံ ၊ ဝတ်ကြီး အစရှိသော မြို့နယ်၊ တိုက်နယ်ကိုယ်စားပြုဒုံးအဖွဲ့များနှင့် စုံနံ့သာမြိုင်ဆွေမြို့တော်မြိုင်ကြီးငူအထူးဒေသ၊ BGF ဗဟို ကွပ်ကဲရေး ကိုယ်စားပြု ကော့ပလံဘုန်းတော်ကြီးသင် ပညာရေး ယဉ်ကျေးမှု ဒုံးအဖွဲ့တို့မှ  ဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်ကွင်းတို့ကို တီးမှုတ်၍ ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝများ၊ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ခေတ်ကာလအတွင်းကြုံတွေ့ရသည့် အခြေအနေများကို ရေးစပ် သီကုံးထားသည့် တေးသီချင်းများကို သံပြိုင်သီဆို၍ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြ ယှဉ်ပြိုင်နေမှုအား  ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဒေသခံတိုင်ရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များမှလည်း ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ဖျော်ဖြေရေး အစီအစဉ်များကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)