ဘားအံ နိုဝင်ဘာ ၁၀
ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားသည့် ကာလမှ လွဲ၍ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိသော ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်များတွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလာခဲ့သည်မှာ အစဉ်အလာ တစ်ရပ် ဖြစ်ပြီး (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲ နောက်ဆုံးနေ့ကို ယမန်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်၍ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သံလွင်ကွင်း၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ နေ့စဉ် နံနက် ၁၁ နာရီမှ ည ၁၀ နာရီထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ရာ နောက်ဆုံးနေ့ဖြစ်သည်နှင့် အညီ ကျပ်(၇)သိန်း ရိုးရာအောင်လံ၊ (၁၀)သိန်းရိုးရာအောင်လံ၊ (၁၅)သိန်း ရိုးရာအောင်လံ ဗိုလ်လု ပွဲများ၊ အထူးစိန်ခေါ်ပွဲများနှင့်အတူ အသဲကောင်း၍ ပွဲတောင်းခဲ့ကြသည့် မျိုးဆက်သစ်ကြား အထူးပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ လာရောက်ကြည့်ရှုအားပေးသည့် လက်ဝှေ့ပရိတ် သတ်များ အထူးစည်ကားခဲ့သည်။
ဦးစွာ မျိုးဆက်သစ်ကြားအထူးပွဲများကို ကျင်းပရာ အမျိုးသမီးပွဲစဉ် နှစ်ပွဲအပါအဝင် ကြားအထူး ပွဲစဉ်ပေါင်း ( ၂၂) ပွဲကို ကျင်းပခဲ့ပြီး ငွေကျပ်(၇)သိန်း အောင်လံဆုကို မိုးဟိန်း(ဘိလပ်မြေစက်ရုံ)၊ ငွေကျပ် ၁၀ သိန်း အောင်လံဆုမှာ အရှုံးအနိုင်မပေါ်သည့်အတွက် ပူးတွဲအောင်လံဆုကို အောင်ထက်ဟိန်း (ဇွဲကပင်မြေ) နှင့် ချစ်ဝိုင်ဝိုင်း(ဇာနည်သွေး)တို့ကလည်းကောင်း၊ ငွေကျပ် ၁၅ သိန်းအောင်လံဆုကို နဂါး(သုံးပန်လှ)တို့က ရယူဆွတ်ခူးနိုင်ခဲ့ပြီး အထူးစိန်ခေါ်ပွဲများအဖြစ် မိုးမြင့်ကျော် (ဇာနည်သွေ) နှင့် နေရိုင်း (ဓမ္မဟေဝန်) အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြရာ စတုတ္ထအချီတွင် နေရိုင်း(ဓမ္မဟေဝန်)က အလဲထိုးဖြင့်လည်ကောင်း၊ ရာဇာထွန်း(တိုက်ဂါး)နှင့် ဒေါနကျော်ကျော် (ရွှေမြဝတီ)တို့ ပွဲစဉ်တွင် ဒေါနကျော်ကျော်က တတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ လှိုင်းထက်အောင် (ရွှေကုက္ကိုလ်) နှင့် အောင်ရဲလင်း (တိုက်ဂါး)၊ အောင်ဇော်ဟိန်း (ရွှေကုက္ကိုလ်) နှင့် အောင်မင်းထွန်း (ဖလုံပညာ့တဝေါင့်)၊ နက္ခမင်း(ဇွဲကပင်မြေ)နှင့် ကမ္ဘာရှား(ဇာနည်မောင်)၊ မိုးထက်အောင်(Family ဝမ်ချိုင်း)နှင့် ဘဟိန်း(ဘိလပ်မြေစက်ရုံ)၊ မိုက်ရိုင်း (ရွှေဖူး)နှင့် သွေးလင်းထက် (ဒေါနတောင်ခြေ)တို့၏ ပွဲစဉ်များမှာ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ် ကြသော်လည်း အရှုံးအနိုင်မပေါ်ကြသည့်အတွက် အလူးအလဲဖြင့် ပူးတွဲသရေ ရလဒ်များ ထွက်ပေါ်ခဲ့ပြီး ပရိတ်သတ် အထူးစိတ်ဝင်စားသော ဖျံသွေး(ထူးမေတ္တာထူး)နှင့် ကျားပေါက် (ရန်စစ်ငြိမ်း)တို့ပွဲစဉ်မှာ ဒုတိယအချီ ၂ မိနစ် စက္ကန့် ၅၀ အရောက်တွင် ဖျံသွေး ဆက်လက် ယှဉ်ပြိုင်ထိုးသတ်နိုင်ခြင်း မရှိတော့သည့်အတွက် ကျားပေါက် (ရန်စစ်ငြိမ်း) က အနိုင်ရရှိခဲ့ပြီး သွေးသစ်ဝင်းလှိုင် (Family ဝမ်ချိုင်း) နှင့် အောင်ခိုင် (စက်ရုံ) တို့ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်(Family ဝမ်ချိုင်း)က နောက်ဆုံးအချီ၌အလဲထိုးဖြင့် အနိုင်ရသည်။
အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ယှဉ်ပြိုင်ထိုးသတ်နေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လက်ဝှေ့ဝါသနာရှင် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ယှဉ်ပြိုင်ထိုးသတ်ကြေးနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)