မုံရွာ နိုဝင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း (Talk Show) ကို ယနေ့နံနက် (၁၀)နာရီက မုံရွာခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း (Talk Show)တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်မြတ်နွယ်စိုးက မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ရခြင်းနှင့် စပ်လျဥ်းပြီး နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအကျဆုံးအုတ်မြစ်ဖြစ်သည့် e-ID စနစ်ကို မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရုံးအသီးသီး၌ ပြုစုထိန်းသိမ်းထားရှိတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများ၏ ကိုယ်ရေးအချက်အလက်(နိုင်-၄)မှတ်တမ်းများကို စုစုပေါင်းလူဦးရေ(၅၆)သိန်းကျော် စာရင်းသွင်းပြီးဖြစ်ပါကြောင်း၊ အလားတူ မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များကို Software နည်းပညာဖြင့် ရိုက်သွင်းခဲ့ရာ အိမ်ထောင်စု (၁၃)သိန်းကျော်နှင့် လူဦးရေ(၅၇)သိန်းကျော် စာရင်းသွင်းပြီးဖြစ်ပါကြောင်းနှင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခြင်း၊ အထစ နှင့် နိုင်ငံသား(မှတ်ပုံတင်)ကို တစ်ခုထက်ပိုမိုကိုင်ဆောင်မှု၊ အချက်အလက်ပြင်ဆင်မှုများကို မိမိတို့ ဝန်ကြီးဌာန၏ ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်လို့ မိဘပြည်သူများအနေဖြင့် မိမိတို့အခက်အခဲများကို သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ နိုင်ငံသူနိုင်ငံသားများနှင့် ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ စုစုပေါင်း(၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်တဲ့အတွက် သတ်မှတ်ကာလ (၁၅-၁၁-၂၀၂၂)ရက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူး ဦးနေလင်းက နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့် ပတ်သက်ပြီး ပြည်သူတွေဘက်က လိုက်နာဆောင်ရွက်ရမည့် အချက်(၇)ချက်ကို အသိပေးထုတ်ပြန်ခြင်းနှင့် မိမိတို့ဌာနမှ ဘယ်လိုတွေ ဆောင်ရွက်ပေးသွားမည့် အခြေအနေတို့အား အသေးစိတ် ရှင်းလင်းပြောကြား ခဲ့သည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အစီအစဥ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လစဥ် ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ပြန်ကြားပေးခြင်း၊ဖျော်ဖြေပေးခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို We Love Monywa Facebook Page တွင် စဥ်ဆက်မပျက် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)