ဖောင်းပြင် နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားများကို ပြုလုပ်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်းကာ ယနေ့ နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေး၌ ဖြန့်ဝေပေးကြောင်း သိရသည်။
အသိပညာပေးစာစောင်တွင် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်း(၄)ရပ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများ၊ အိမ်ထောင်စုလူဦးရေ စာရင်းအတွက် လိုက်နာရမည့်အချက်များပါရှိကာ အသိပညာပေးစာစောင်များကို ပြည်သူများ ဖတ်ရှုခြင်းဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်လိုသည့် ပြည်သူများအား လွယ်ကူလျင်မြန်စွာ ပြုလုပ်ပေးနိုင်ရေးအတွက် ရည်ရွယ်ကာ အသိပညာပေး စာစောင်ကို ဖြန့်ဝေပေးခြင်းဖြစ်သည်။
ဖောင်းပြင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၃-၅-၂၀၂၂ ရက်နေ့မှ ၃-၁၁-၂၀၂၂ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ကာ ပန်းခင်းစီမံချက်(၂)ဖြင့် ဆက်လက် ဆောင်ရွက်လျက်ကြောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားနိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ လဲလှယ်ခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)