တမူး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင့်ဖြိုးလှိုင်နှင့် ဝန်ထမ်းများ၊ တမူးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ကျော်ကျော်ဝင်း နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကြရန်တို့ကို အသိပေးရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)