အုတ်တွင်းမြို့နယ်၊ အ.မ.က(မူလွန်)မဲကုန်းကျောင်းနှင့် အ.လ.က(ခွဲ)စျေးကျောင်း၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲပြုလုပ်

အုတ်တွင်း    နိုဝင်ဘာ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(မဲကုန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(စျေး)ကျောင်းတို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက ကလေးသူငယ်များအား ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးအချင်းချင်းရင်းနှီးမှုရှိစေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများကို ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်ဖြင့်ပုံပြင်ပြောပြခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)