ကျိုက်လတ်၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် Talk Show ပြုလုပ်

ကျိုက်လတ် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ရုံးနှင့် ပူးပေါင်း၍ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်" Talk Show ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က Talk Show ကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက နိုင်ငံသားစိစစ်ရေးကတ်နှင့်ပတ်သက်၍ မရှိသေးသူများ၊ ကတ်များပျောက်ဆုံးမှု၊ ပျက်စီးမှုနှင့် ကတ်များ အပိုကိုင်ဆောင်ထားမှုများကို ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း (အထစ) နှင့်ပတ်သက်၍ ထည့်သွင်း ရမည့်အချက်အလက်များ (ပြောင်းဝင်၊ ပြောင်းထွက်၊ မွေးဖွား၊ သေဆုံးခြင်း)ကို ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ပုံစံ ၆၆/၆ (အထစ) တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများ၊ မရှိသေးသူများ ဆောင်ရွက်ရမည့် နည်းလမ်းများ ကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စီစဉ်ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရီရီမြင့်