ဟားခါး နိုဝင်ဘာ ၁၀
ဟားခါးမြို့နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ဦးစီး၍ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ထောင်းဇခုပ်လမ်းရှိ ဒေသခံပြည်သူများ၏နေအိမ် (၂၅)အိမ်သို့ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက် ဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေးခြင်း၊ မြိုု့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့် ရေရရရှိရေး ဆောင်ရွက်ထားရှိမှုများအား အသိပညာပေးခြင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေအား အသိပညာပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်၊ ဝက် မွေးမြူခြင်းအပေါ် တိရစ္ဆာန် ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်မှုနှင့် ပတ်သက်၍ လျှောက်လွှာပုံစံများ ဖြန့်ဝေပေးခြင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မီတာ လျှောက်ထားမှုနှင့် ပတ်သက်၍ ပုံစံများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်ထွန်းတောက်