နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ပေးအပ်သည့်ထောက်ပံ့ငွေများကို ခန္တီးမြို့နယ်တွင် ၇၅ ရာခိုင်နှုန်းကျော် ဖြန့်ဝေပြီးဖြစ်

ခန္တီး                စက်တင်ဘာ           ၁၉

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလအတွင်း နိုင်ငံတော်မှ  ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ကျပ် ၂၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ရာ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ထောက်ပံ့ငွေရရှိမည့် အိမ်ထောင်စု၏ ၇၅ ရာခိုင်နှုန်းကျော်ထံသို့ ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခန္တီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၉၅၇) စုရှိပြီး စက်တင်ဘာလ ၁၉ ရက် ယနေ့အထိ အိမ်ထောင်စု (၄၄၈၃) စုထံသို့ ပေးအပ်ခဲ့ပြီဖြစ်ရာ ပေးအပ်ရန် ကျန်နေသေးသည့် အိမ်ထောင်စု (၁၄၇၄) စု ထံသို့လည်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေသည် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလအတွင်း နိုင်ငံအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အထောက်အကူဖြစ်စေရန် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အမ်းအင်းလမ်း