ကရသူရိ နိုဝင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံများသည် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကို ပြုလုပ်လျက်ရှိရာ ယခုလ ပထမအပတ်မှစပြီး ကွမ်းသီးဈေးနှုန်း တစ်ဟုန်းထိုးကျဆင်းလာ၍ ဈေးကောင်းပြန်လည်ရရှိရန် ကွမ်းခြံပိုင်ရှင်များ မျှော်မှန်းလျက်ရှိသည်။
တနင်္သာရီတိုင်းတွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းသည့် ကွမ်းသီးသည် ရာသီပေါ်အစပိုင်းတွင် ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခါတွင် ဈေးနှုန်းများကျဆင်းနေမှုနှင့် ပတ်သက်ပြီး “ကွမ်းသီးဈေးက တစ်ဟုန်းထိုးကျဆင်းလာတော့ ခြံပိုင်ရှင်တွင် အခက်တွေ့နေရတာပေါ့။ ဘာလို့ဆိုတော့ လုပ်အားခတွေ၊ သယ်ယူစရိတ်တွေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ယခုဈေးက ဘယ်လိုမှ အဆင်မပြေကြဘူး။ ရာသီပေါ်အစမှာ ကွမ်းသီးအမှည့်တစ်လုံးကို (၃၀) ကျပ်နှင့် ကွမ်းသီးအခြောက်တစ်ပိဿာကို (၆၅၀၀) ကျပ်ရခဲ့တယ်။ ခုတော့ အမှည့်တစ်လုံးကို (၂၂) ကျပ်နှင့် အခြောက် တစ်ပိဿာကို (၃၅၀၀) ကျပ်ဘဲရတယ်။ ဈေးက တဟုန်းထိုးကျဆင်းနေတော့ လက်ရှိကွမ်းသီးတွေကို ရောင်းချမှုမရှိဘဲ အကျပ်အတည်းခံပြီး ဈေးကောင်းကို မျှော်လင့် နေကြတာပေါ့”ဟု ဒေသခံကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
အဆိုပါ ကွမ်းသီးဈေးကျဆင်း၍ ဈေးအတက်ကိုစောင့်မျှော်ပြီး ကွမ်းသီးကို သိုလှောင်ထားသူ များပြားလျက်ရှိသော်လည်း ဒုတိယအများဆုံး စိုက်ပျိုးကြသည့် ရော်ဘာဈေးနှုန်းသည် ပုံမှန်အတိုင်း ဈေးကောင်းရရှိနေကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)