ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၌ သုတေသနလုပ်ငန်း ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်မှ စိုက်ပျိုးရေး လုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာသိပ္ပံ မဟာဌာနမှ ပြုလုပ်ရေးဆွဲခဲ့သည့် သုတေသနလုပ်ငန်းနှင့် ပတ်သက်သော  ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒေါက်တာစိုးလဲ့ဖူးက ကွန်ပျူတာသိပ္ပံမဟာဌာနမှ ရေးဆွဲခဲ့သော Plant Disease Detection System on android အကြောင်းကို တက်ရောက်လာကြသူများအား ရှင်းလင်း​တင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ပညာရှင်များထံမှ အကြံပြုချက်များရယူ၍ သုတေသန လုပ်ငန်း၏ အားနည်းချက်၊ အားသာချက်များအပေါ်  ပြန်လည်သုံးသပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ဒုတိယပါအမောက္ခချုပ် ဆရာကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ယခု ပြုလုပ်ရေးဆွဲခဲ့သော သုတေသနလုပ်ငန်းကို နည်းပညာပံ့ပိုးမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အသုံးပြု၍ အထောက်အကူပြုစေမည့် စနစ်တစ်ခုကို တည်ဆောက်နိုင်ရန်၊ မိမိ၏စိုက်ခင်းများတွင် ကျရောက်တတ်သော ရောဂါများကို ခွဲခြားသိမြင်နိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိမိတို့ စိုက်ပျိုးခင်းများအတွက် အချိန်မီပြုပြင် သွားနိုင်ရန် ရည်ရွယ်ချက်များဖြင့် သုတေသနပြု ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းမြတ်အောင်က ပြောကြားပါသည်။

ကိုဇော် - ဟင်္သာတ